သတိရသမျှ နှင့် ကြားဖူးနားဝ (၇)
ကျွန်တော် နှင့် နာမည်များ
ကျွန်တော်တို့ မောင်နှမတွေ နာမည်ပေးရင် အမျိုးထဲမှာ တွင်တွင်သွားတာ အခု ထက်ထိပဲ။ မေမေ့အဖေ ကျွန်တော့် အဖိုးကို ကျွန်တော်က ဘဖိုးလို့ ခေါ်ရာက စပြီး တစ်မျိုးလုံးက ဘဖိုးခေါ်ကြတာ အခုထက်ထိပဲ။
ယုန်ကလေး ဖြူဖွေး ဆိုတာ က ကျွန်တော့အမေက ကျွန်တော့်ကို ငယ်ငယ်က ပေးတဲ့နာမည်။ ကျွန်တော့ ညီမ(နှမ) အငယ်ဆုံးက သူစကားတတ်ချင်း ကျွန်တော့်ကို ဘယ်သူမှ မခေါ်တဲ့ နာမည်ပေးတယ်။ သားသားကိုကို တဲ့။ ဘာစိတ်ကူးပေါက်တယ်မသိဘူး။ ဦးလေးအကြီးဆုံးကို ဦးကြီးလို့ခေါ်ပြီး ဦးလေး အလတ်ကိုတော့ လတ်လတ်ထူး လို့ခေါ်တယ် (သူ့နာမည်က ခင်မောင်ထူး ကိုး)။ ဦးလေးအငယ်ကိုတော့ ဦးအေးလို့ခေါ်တယ်။ အန်တီတွေကိုတော့ သူတို့နာမည်ရှေ့မှာ အန်တီတတ်တတ်ခေါ်တာ အခုထက်ထိပဲ။
ကျွန်တော့်ကို မျက်နှာချင်းဆိုင်အိမ်က ဦးဆရာ (ဦးဆရာဆိုတာ ကျွန်တော်တို့ပဲ ခေါ်ရင်းက နာမည်တွင်သွားတာ ဆရာဝန် မို့လို့) (သူက မြို့မငြိမ်း ရဲ့သား) က ကျွန်တော့ကို ကြက်ဥ၊ ကျွန်တော့ အကို ကိုတော့ ဘဲဥ လို့အခုထိအပြင်မှာ တွေ့တိုင်း အဲဒီအတိုင်းပဲ ခေါ်တုန်းပဲ။ ဦးလေးလတ်ရဲ့ သူငယ်ချင်းတစ်ယောက် သူက သမီးလေးတွေ မွေးထားတော့ ဦးလေးတို့က နောက်ပြီး ကျွန်တော်တို့ကို ယောက်ခမကြီး လို့ခေါ်ခိုင်းရာက အခုထက်ထိ ယောက်ခမကြီးလို့ ခေါ်တုန်းပဲ (သူ့သမီးတွေကို တစ်ခါမှ မမြင်ဖူးဘူး၊ အခုထက်ထိပဲ)။
ကျွန်တော်ငယ်ငယ်က မှတ်မိတာက မေမေ့ကို မေမေလို့ ခေါ်ပေမဲ့ ဖေဖေ့ကို နာမည်ရင်းရှေ့မှာ ဦး တတ်ပြီး ခေါ်ပါတယ်။ မှတ်မှတ်ရရ မန်းလေးက တော်ဝင်ရုပ်ရှင်ရုံမှာ မိသားစုလိုက် ပြာဂလောင် ပြာလချောင် ဇာတ်ကား သွားကြည့်ရင်းနဲ့မှ ဖေဖေ့ကို သေချာကြည့်ပြီး ဦး-- ခင်ဗျားကို ဒီနေ့က စပြီး ဖေဖေ လို့ခေါ်တော့မယ်လို့ ပြောတော့ ဖေဖေ တော်တော်ဝမ်းသာသွားမှာ။ အဲဒီတုန်းကတော့ သူဝမ်းသာမသာ ကျွန်တော်မသိပေမဲ့ အခုချိန်မှာ ပြန်တွေးကြည့်တော့ တော်တော်လေးပျော်မှာလို့ တွေးမိတယ်။
စဉ်းစားကြည့်လေ ကိုယ့်သားအရင်းက ကိုယ့်ကို နာမည်ရင်းကြီးတတ်ခေါ်နေတော့ လူကြားထဲ ရောက်ရင် ခိုးလို့ခုလုကြီးနဲ့၊ ပထွေးလိုလို ဘာလိုလိုနဲ့။ မှတ်မိတာ နောက်တစ်ခုက အပြန်မှာ ရေခဲမုန့် တ၀စားရတယ်။
အမေ့(အဖွား) အလုပ်သမား တစ်ယောက်ကို နာမည်ပေးလိုက်တာ မောပိ ဆိုပြီးတော့။ ဘာလို့ပေးလိုက်မိလည်း မမှတ်မိတော့ပေမဲ့ သူ့နာမည် အရင်းကိုတောင် ဘယ်သူမှ မသိတော့တဲ့အထိ မောပိ က နာမည်တွင်သွားတယ်။
ကျွန်တော့ ညီမ ငယ်ငယ်ကတော့ သူနဲ့ မတည့်ဘူး၊ သူ့ကို အရမ်းစ တဲ့သူတွေကို နာမည်ရှေ့မှာ ဘဒေါင် တတ်ပြီး ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာမွေးထားတဲ့ ခွေးက အညိုရောင်မို့ ဘရောင်နီ လို့ နာမည်ပေးတာကို သူက မှတ်ထားပြီး ခွေးဆိုရင် ဘရောင် ပါရမယ်လို့ မှတ်ထားပါတယ်။
တစ်ခါက အိမ်က အလုပ်သမား တစ်ယောက်က သူ့ကို ခဏခဏ စလို့သူက နာမည်ပေးလိုက်တယ် ဘဒေါင်သောင်းလှိုင် ဆိုပြီး။ ဟိုကောင်လေးကတော့ တော်တော်ပျော်နေလေရဲ့ အင်္ဂလိပ် နာမည်ရတယ် ဆိုပြီး။ ကျန်တဲ့သူတွေကလည်း အဲလိုပဲ ခေါ်ရင်း တော်တော်လေးနာမည်တွင်မှ သူက ကလေးကိုမေးတယ်။ ညီမလေး အဲဒီ ဘဒေါင်ဆိုတာ ဘာလည်း ဆိုတော့ ညီမလေးက ဆော့နေရင်းနဲ့ ပြန်ဖြေတာက ဘဒေါင်ဆိုတာ အိမ်မှာ ရှိတဲ့ ခွေးလေ ဆိုတော့ ပက်လက်ကို လန်တာပါပဲ။ တစ်ဈေးလုံး၊ အလုပ်သမား တစ်ဖွဲ့လုံးက ဘဒေါင်သောင်းလှိုင် ဆိုပြီး နှုတ်ကျိုးနေကြပြီကိုး။ ဈေးလူကြီးကအစ ဘဒေါင်သောင်းလှိုင်လို့ ခေါ်နေပြီ။
အဲဒီလို သူများနာမည်တွေ ပေးယုံမက ကျွန်တော်ကိုယ်တိုင်ကလည်း နာမည်တွေအများကြီး နဲ့ပဲ။ မွေးမွေးချင်း ပေးတဲ့နာမည်က တစ်ခု၊ ဇာတာထဲမှာ ပါတဲ့နာမည်က တစ်ခု၊ ကျောင်းတက်တော့ ပေးတဲ့ နာမည်က တစ်ခု၊ ကျောင်းမတက်ခင်မှာ နာမည်ကို ကြည်ပြီး အရမ်းဆိုးမှာ စိုးလို့ နောက်တစ်ခု ထပ်ပြောင်း သေးတယ်။ သူငယ်ချင်းတွေက ခေါ်တဲ့နာမည်။ အလုပ်ထဲမှာ ခေါ်တဲ့နာမည်။ အဖိုးအဖွားက ခေါ်တဲ့နာမည်၊ မိဘတွေက ခေါ်တဲ့နာမည်၊ ကျောင်းတုန်းက သူငယ်ချင်းတွေက ခေါ်တဲ့နာမည်၊ အခုဖိုရမ်ထဲမှာခေါ်တဲ့နာမည် စတဲ့ နာမည်တွေကို ပေါင်းစုံနေတာပဲ။ တစ်ခုကောင်းတာက နာမည်ခေါ်သံကြားတာနဲ့ ခေါ်တဲ့သူက ဘယ်ကလဲဆိုတာ တန်းပြီး ခွဲခြားပြီးသား ဖြစ်သွားတယ်။
နောက်ဆုံး ညီအစ်ကိုချင်း ကစားရင်တောင် တစ်ယောက်ကို တစ်ယောက် ခေါ်တဲ့ နစ်နိမ်း ရှိတယ်။ နာမည်ရှိသလောက် အခွန်ဆောင်ရရင် ကျွန်တော် မွဲလောက်ပြီ။





